ညီမလေးရေ

ကြည့်လိုက်စမ်းပါဦး
ကမ္ဘာအပြားရဲ့ စွမ်းပကားနဲ့

တစ်ခါသုံး သတင်းတွေကို
စားသုံးနေပုံများ
တကြွမ်းကြွမ်းနဲ့ .…။

ကိုကို့ကဗျာက ပဲကြီးလှော်ကဗျာပဲ … တဲ့။

ညီမလေးရေ

ခံစားကြည့်ပါဦး
ပေါင်မုန့်တစ်လုံး ဝိုင်တစ်ခွက်
စာတစ်အုပ်နဲ့
သစ်တစ်ပင်အောက်
ကမ္ဘာလောကကြီးကို ဒူးထောက်
ချစ်ခြင်းဖွဲ့သီချင်းတွေ
ဖူးပွင့်ချင်တယ်…။

ကိုကို့ကဗျာက ဆင်းရဲသားကဗျာပဲ … တဲ့။

ညီမလေးရေ

မြင်ယောင်ကြည့်ပါဦး
စက်ရုပ်တွေကို ခွစီး
သောညံ လှိုက်ဆူ
တိုက်ခိုက်သူ အပြည့်နဲ့
ရောင်စုံမြို့ ပျက်ကြီးကို … ။

ကိုကို့ကဗျာက သံစက်ရုပ် ဇာတ်ကားကြီးပဲ … တဲ့။

ရင်ခုံသံ မဆင်းရဲချင်တဲ့
ကဗျာဆရာ
ပညာဉာဏ် ပျင်းတွဲချင်မိရဲ့ …။

ဆင်ခြင်ဉာဏ် ကြီးမားချင်တဲ့
ကဗျာဆရာ
ကြည်လင် ပျောင်းနွဲ့
မဟောင်းတော့မယ့် ဆည်းလည်းသံများ
ကောင်းကင်ထိ သယ်သွားချင်သတဲ့လား …။