“တစ်”ခြောက်လုံးနဲ့ တမူထူးတဲ့နေ့
“ရှစ်”ဂဏန်းတွေနဲ့ သမိုင်းတွင်ခဲ့တဲ့နေ့။

ခေါင်းဆောင်ကောင်းတွေ မြေခတဲ့နေ့
ခေါင်းဆောင်သစ် ဥဒါန်းကျူးရင့်တဲ့နေ့။

တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
ညီညာလက်တွဲတဲ့နေ့
တံတိုင်းတွေ ပြိုကျတဲ့နေ့။

ဘီလ်ဂိတ်စ် မွေးနေ့
ဒွေးလေးခါရဲ့ မွေးနေ့
ညီငယ်တစ်​​ယောက် ဘွဲ့ရတဲ့နေ့
ဦးရီးတော်ရဲ့ နွားပြာတစ်ရှဉ်း ပျောက်တဲ့နေ့။ 

တချို့တွေ သမိုင်းတွင်ကျန်ရစ်
တချို့တွေ သမိုင်းအတွင်း နွံနစ်
တချို့တွေ သမိုင်းမှာ ဘောင်မဝင်
တချို့တွေ သမိုင်းမှာ တော်ဝင်။ 

ညီမလေးရေ  

ရင်ခုန်ခြင်းသမိုင်းကိုတော့
မ အ,အောင် သင်ဖို့မလို
လှအောင် ပြင်ဖို့မလို
နေ့စွဲတွေမလို။

ရင်ခုန်သံအချင်းချင်း
အပြန်အလှန်အပ်နှင်း
မနက်ခင်းတိုင်းဟာ
သမိုင်းတွင်မယ့်
သမိုင်းဝင်တဲ့နေ့
သမိုင်းမှန်တဲ့နေ့။ 

မေတ္တာကြွင်းစေ
သမိုင်းအစစ်ကြွင်းစေ။

11-11-2011