နှလုံးသား အခွင့်အရေး

ညီမလေးရေ

ကဗျာဆရာတစ်ယောက်က သရော်ဖူးတယ်
ကလီယိုပါထရာရဲ့ နှာခေါင်းသာ
တစ်လက်မလောက် ပိုတိုခဲ့မယ်ဆိုရင် 
တို့တွေ သင်ခဲ့ရတဲ့  သမိုင်းကြောင်း
ပြောင်းလဲသွားနိုင်သတဲ့။

မနေ့ညက
ကျွန်တော့်ရဲ့ နှလုံးသားက
လှောင်သလိုလို ပြောတယ်။

ညီမလေးရဲ့ အပြုံးသာ
ဒီထက်ပိုပြီး ချိမြလန်းဆန်းမယ် ဆိုရင်
ရင်ခုန်သံအတွက်
တစ်ကိုယ်တော် မစွမ်းနိုင်လောက်ဘူး။

အသင်တို့မှာ Human Rights ဆိုတာ ရှိသလို
ကျုပ်တို့မှာလည်း Heart Rights ရှိသတဲ့။

အသင်တို့ တစ်နေ့ ရှစ်နာရီပဲ အလုပ် လုပ်ချင်သလို
ကျုပ်တို့လည်း နိုင်သလောက်ဝန်ပဲ ထမ်းချင်တယ်။

ရင်သိပ်မခုန်စေနဲ့
နှိုးစက်သံထင်လို့
ဟိုဘက်အခန်းကလူ
အချိန်မတော် နိုး လာဦးမယ်။

တယ် …
ဒီ ရင်ဘတ်မရှိတဲ့ နှလုံးသား
ကိုယ့်နာမည်ကိုမှ အားမနာ။

2011-Oct-31