ဆရာကြီးရွှေဥဒေါင်း၏ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဝေမျှပါရစေ ခင်ဗျ။

သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် စာဖတ်သူအမျိုးမျိုး

အင်္ဂလိပ်သတင်းစာ ဝယ်ဖတ်သူများအနက် ခေါင်းကြီးပိုင်းကို မဖတ်ဘဲ ချန်ထားသူဆို၍ ခပ်ရှားရှားရှိမည်ဖြစ်သော်လည်း ဗမာသတင်းစာ ဖတ်သူများမူကား ခေါင်းကြီးပိုင်းကို ကျော်လွှားသွားသူ အမြောက်အမြား တွေ့ရဖူးလေသည်။ မီးရထားဖြင့် ခရီးသွားစဉ် ကျွန်ုပ်ထံမှ ဗမာသတင်းစာ ငှားဖတ်သူများကို အမှတ်မဲ့စောင့်ကြည့်မိရာ ခေါင်းကြီးပိုင်းကို ကျော်သွားပြီး အတိုအထွာ တောင်သတင်း မြောက်သတင်းများကို လှန်လှောပြန်ပေးသူတို့သာ များကြပေသည်။ အင်္ဂလိပ်သတင်းစာကို ငှားဖတ်သူတို့မူကား ခေါင်းကြီးပိုင်းမှစ၍ ဖတ်သူများပင် ကြုံရဖူး၏။ ကျွန်ုပ်၏နေအိမ်သို့လာ၍ သတင်းစာငှားဖတ်သူများကို စုံစမ်းကြည့်ရာတွင်လည်း ရာခိုင်နှုန်း ၅၀ ခန့်မျှသော ဗမာသတင်းစာဖတ်သူများသည် ခေါင်းကြီးပိုင်းကို အလျဉ်းမဖတ်ဘဲ ချန်ထားသည်ဖြစ်စေ၊ သမန်ကာလျှံကာ ဖတ်သည်ဖြစ်စေ ကြုံရတတ်ပေသည်။ သို့သော်ငှားဖတ်သောလူနှင့် ဝယ်ဖတ်သောလူ၏ ဝါအနုအရင့် ကွာခြားခြင်းကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ဝါရင့်သောလူသည် မရှိမဲ့ရှိမဲ့နှင့် သတင်းစာတစ်စောင်ကောင်းကို ဖြစ်စေ၊ မဖတ်ဘဲမနေနိုင်၍ ဝယ်ဖတ်သည့်အခါ ခေါင်းကြီးပိုင်းကို နောက်ဆုံးမှဖြစ်စေ ဖတ်ရှုတတ်ကြလေသည်။ လက်ဖက်ရည်ဆိုင်နှင့် စာကြည့်ခန်းများ၌ သတင်းစာဖတ်သူများ အနက်တွင်လည်း ခေါင်း ၂-လုံးနှင့် မွေးလာသော ဝက်ကလေး၊ ခွေးက ကျားသစ်ကို ခံကိုက်ခြင်း၊ မြင်းကန်၍ အူပေါက်သွားသောလူ အစရှိသည့် သတင်းအထူးအဆန်းများလောက်သာ မက်ခဲ့သူများ၍ ခေါင်းကြီးပိုင်းဖတ်သော အဆင့်အတန်းသမား ခပ်ရှားရှား တွေ့ရတတ်ပေသည်။

စာ- ၆၁

တထိတ်ထိတ်နေရသောလူထု

ကမ္ဘာ့ရေးရာသတင်းများကို ဖတ်ရှုကြရလျှင်လည်း အထူးသတိပြုထိုက်သော အချက်ကြီးများ ရှိသေး၏။ ကမ္ဘာ့ကြေးနန်းသတင်းထူး ပေးပို့ကြရာတွင် အမေရိကန်၊ အင်္ဂလန်စသည့် အရင်းရှင်တိုင်းပြည်သားများက တည်ထောင်ထားသည့် ယူပီအေပီ စသော ကြေးနန်းသတင်းတိုက်ကြီးများက ပေးပို့သောသတင်းများ၊ ဆိုဗီယက်နှင့် တရုတ်ပြည်သစ်တို့က တည်ထောင်ထားသည့် တတ်စ်၊ ဆင်ဟွာ စသော ကြေးနန်းသတင်းတိုက်ကြီးများက ပေးပို့သော သတင်းများဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးရှိ၏။ ဥပမာ ဘန်ဒွန်းကွန်ဖရင့်သတင်းဆိုလျှင် ကွဲလွဲ၍မဖြစ်နိုင်သည့် ဆုံးဖြတ်ချက်များဆိုင်ရာ သတင်းမျိုးကို တညီတညွတ်တည်း ပို့ကြရသော်လည်း အစည်းအဝေးအတွင်း အဖြစ်အပျက်များနှင့် ပတ်သက်၍ ဖော်ပြကြရာတွင်မူကား မိမိတို့၏ ဝါဒပေါ်လစီအလျောက် အနည်းနှင့်အများ ဆွဲငင်ရေးသား ဖော်ပြတတ်ကြလေသည်။ ဘန်ဒွန်းကွန်ဖရင့်ပျက်စေလိုသော စေတနာရှိသူများက တော်တော်ကြာလျှင် ထ,ပြီး ပြန်ကုန်ကြတော့မလောက် လှန့်ပေးကြ၍ ၎င်းအစည်းအဝေးကြီးအောင်မြင်စေလိုသောဘက်ကလည်း ဘာမျှစိုးရိမ်ဖွယ်ရာ မရှိလေဟန် သတင်းပို့ကြ၏။ မည်သည့် ကြေးနန်းသတင်းတိုက်မျိုးကမှ မှန်သည်ဟု ပြောလိုခြင်းမဟုတ်၊ အမှန်အတိုင်း သိလိုခဲ့လျှင် နှစ်ဖက်လုံးမှ ပို့သောသတင်းများကို ဖတ်ရှုလေ့လာပြီးမှ ယုတ္တိတန်မတန် ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်သောအလေ့အထ ပြုလုပ်ထားပါမှ ခေတ်မီသော သတင်းစာဖတ်သမားတစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။ သို့မဟုတ်ခဲ့လျှင် နက်ဖြန် စစ်ဖြစ်တော့မလောက် အလန့်တကြားရေးသားသူများ၏ လှန့်လုံးများကြောင့် အလုပ်ပျက် အကိုင်ပျက် မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ဖူးသည့် လူထုထဲမှ မထွက်နိုင်ဘဲ အမြဲတမ်း စိတ်ဆင်းရဲခြင်း ခံရဖွယ်ရှိပေသည်။

စာ-၆၄

သတင်းခေတ်၏ စူပါ တန်ခိုးရှင် သတင်းထောက်များ၊ သတင်းဌာနများ၏ တဝုန်းဝုန်း တဒိုင်းဒိုင်း သတင်းလှိုင်းများအကြား စီးမျောနေရသော သတင်းများ၏သားကောင် ဖြစ်နေရရှာသော ကျွန်ုပ်တို့အားလုံးသည်လည်း သတင်းများအား  ဆင်ခြင်တုံတရားအပေါ်တွင် မှတ်ကျောက်တင်ရန် သတိပြုမိနိုင်ကြပါစေ။

ကိုးကား — “ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား” — ရွှေဥဒေါင်း